လိပ်သို ဇန်နဝါရီ ၃
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော “ပျော်ရွှင်ကြရာဝယ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိ အမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “ပျော်ရွှင်ကြရာဝယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဂျီသက်ဝေဖြိုးက “သင်ဘယ်ကို သွားနေမှန်း မသိရင်ဒီမှာ လမ်းဆုံးပြီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နော်ကြည်ကြည်လွင်က “တောင်ကုန်းတိုင်း တက်ကြည့်ပါ” ခေါင်းစဉ်အောက်မှ သင်အောင်မြင်မှုရခဲ့တယ်ဆိုတဲ့ အသိစိတ်ကို ခံစားခဲ့ရတဲ့အလုပ်မျိုး ဘယ်တုန်းက နောက်ဆုံး လုပ်ဆောင်ခဲ့သလဲ။ ကျွန်မတို့ရဲ့ ဘ၀တွေက အောင်မြင်မှုအသေးစားလေးတွေနဲ့ အရေးမပါတဲ့ စိတ်ပျက်စရာတွေကြောင့် လှည့်ပြီးကြည့်ရတဲ့ ရောင်စုံမှန်တွေ စီခြယ်ထားတဲ့ မှန်ပြောင်းလိုမှုန်ဝါးဝါး ဖြစ်သွားရပါကြောင်း၊ အဝေးကတောင်ကြီးဆီကို အာရုံစိုက်ထားပြီး ကိုယ့်အတိုင်းတာနဲ့ကိုယ် တောင်ပေါ်အထိ အရောက်သွားမယ်လို့ ရည်ရွယ်ထားလိုကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ များပိုမိုရရှိရေးအတွက် အပတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)