မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အာဆီယံ - ကိုရီးယား စာအတူ ဖတ်စို့လား အစီအစဉ် အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်လှစ်

မကွေး     ဖေဖော်ဝါရီ     ၂၆

အာဆီယံ-ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူ ဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မကွေးခရိုင် ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်း စတင် ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ သင်တန်းဒုတိယနေ့တွင် သင်တန်းသားသင်တန်းသူ အချင်းချင်း အသံထွက်၍ စာဖတ်ပြခြင်းကို ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ပြီး သင်တန်း တတိယနေ့တွင် မကွေးမြို့ပေါ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း သိရသည်။

ကလေးများနဲ့အတူ စာဖတ်ခြင်းဟာ  စာဖတ်တတ်တဲ့ အရည်အချင်းကို ဖွံ့ဖြိုးလာစေနိုင်တဲ့ အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်၊ ခုဖွင့်လှစ်ပို့ချနေတဲ့ ကလေးများအတွက် အသံထွက်စာဖတ်ခြင်းသင်တန်းမှာ ကလေးများကို စည်းရုံးနည်းစနစ်များ ထပ်မံနည်းသစ်များကို ရရှိတဲ့အတွက် လေ့ကျင့်မျှဝေ သွားမှာပါ၊ ကလေးအသံထွက်၍ စာဖတ်ပြခြင်း၊ အလှည့်ကျစာဖတ်စေခြင်း၊ စာအုပ်ပါအကြောင်းအရာကို သရုပ်ဖော်ခြင်းနဲ့ စာအုပ်ပါအကြောင်းအရာကို ဆွေးနွေးခြင်းတို့ဟာ ကလေးသူငယ်ကို စာဖတ်ဖို့အတွက် ချိတ်ဆက် ပေးတဲ့  အဓိကအကြောင်းအရာတွေ ဖြစ်တဲ့အပြင်၊  အတူတကွ စာဖတ်ပြခြင်းဖြင့် ကလေးသူငယ်တွေကို သူတို့အတွက်လိုအပ်တဲ့ စာဖတ်စွမ်းရည်ကို ရရှိစေရုံမက အရည်အချင်းပြည့်ဝတဲ့ စာဖတ်ခြင်းကို စိတ်ပါဝင်စားတဲ့ တသက်တာ စာဖတ်သူတွေ ဖြစ်လာစေနိုင်မှာပါ၊ သင်တန်းက ပညာပေးလေ့ကျင့်ပေးမှုများနဲ့ အတူ မိမိဒေသမှာ အနာဂတ်ရဲ့ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာဖို့ ကလေးများကို ထူးချွန်ထက် မြက်အောင် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု ဂန့်ဂေါခရိုင် ပြည်သူ့စာကြည့်တိုက်မှ သင်တန်း တက်ရောက်လာသူ ကိုနေမျိုးသူရက ပြောသည်။

သန်းနိုင်ဦး(ငဖဲ)