ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

ပွင့်ဖြူ     ဖေဖော်ဝါရီ       ၂၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တတိယနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကူကြီးကျေးရွာနှင့် ကြီးကုန်းကျေးရွာများသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ချပြရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျေးရွာစီမံကိန်းဝင် အသင်းသားများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများနှင့် ပက်သက်ပြီး တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက စီမံကိန်း ရန်ပုံငွေ များ စနစ်တကျ သုံးစွဲရေး ၊ ငွေစာရင်း ၊ ဇယားများ ပြုစုထိန်းသိမ်းထားရှိရေးနှင့် စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လုပ်ကိုင်ကြရန် ဆွေးနွေးမှာကြားသည်။

၎င်းနောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု နှစ်ရွာတစ်ယူနစ် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့် ကူကြီးကျေးရွာ နှင့် ကြီးကုန်းကျေးရွာရှိ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည့် စီမံကိန်းဝင်အသင်းသား ၉၁ ဦး အတွက် တတိယနှစ်စက်ဝန်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးအရင်း စုစုပေါင်း ငွေကျပ် ၄၅၅ သိန်းအား လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )