တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့(၁) နေပြည်တော် ယဉ်ကျေး လိမ္မာ စင်တာမှ ကြီးမှူး၍ မကွေးတိုင်း ဒေသကြီး ဓမ္မကျောင်းတော်မှ ဖွင့်လှစ်သော (တိုင်းအဆင့်) နည်းပြ ဆရာဖြစ် သင်တန်းဆင်းပွဲကို တောင်တွင်းကြီးမြို့နယ် သဲကောသာသနာသီရိ ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ငှက်ပစ်တောင်ကျောင်းတိုက် ဆရာတော်၊ ဆက်သွားဘုံကျော် တောရ ဆရာတော်၊ သီရိမင်္ဂလာတိုက်သစ်ကျောင်း ဆရာတော်တို့က ဩဝါဒများချီးမြှင့်ပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ကျေးဇူးတင်၀မ်းမြောက် ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ဆက်လက်၍ စာရိတ္တထူးချွန်ဆုရရှိသော ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ အလှူရှင်များနှင့် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းသား၊ သင်တန်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ဓမ္မကျောင်းတော်ဆရာဖြစ် သင်တန်းကို တောင်တွင်းကြီးမြို့နယ် သဲကောသာသနာသီရိ ကျောင်းတိုက်တွင် ၂၀-၂-၂၀၂၀ ရက်နေ့မှ ၂၅-၂-၂၀၂၀ ရက်နေ့ အထိ(၅)ရက် တိုင်တိုင် သင်တန်းပို့ချ ပေးခဲ့ပြီး တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ အထက်မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ သင်တန်းသား၊ သင်တန်း သူ (၈၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)