ပခုက္ကူတက္ကသိုလ်၌ ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲပြုလုပ်

ပခုက္ကူ  ဖေဖော်ဝါရီ  ၂၆

ပခုက္ကူတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂနှင့် ပခုက္ကူမြို့၊ ပျိုးခင်းသာပရဟိတအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူ တက္ကသိုလ်၊ ဆရာ/ မများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာ ပိုက်ထွေးက ဟောပြောပွဲ ကျင်းပရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပခုက္ကူမြို့၊ ပျိုးခင်းသာပရဟိတအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးမှူး (ငြိမ်း) ဒေါက်တာလှိုင်မိုးက အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းနှင့် ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များအကြောင်းတို့ကိုလည်းကောင်း၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) စာရေးဆရာ ဒေါက်တာဇော်နိုင်(ဇော်ကောင်းသစ်) က မြန်မာ့ယဉ်ကျေးမှုနှင့် နိုင်ငံတကာ ယဉ်ကျေးမှုနယ်ပယ်များ၊ စီးပွားရေး နယ်ပယ်များတွင်ကျင့်သုံးသည့် ပြည်သူ့နီတိဆိုင်ရာ စကားအသုံးအနှုန်း၊ အပြောအဆိုများ အကြောင်းကို လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ပြင်ပပညာရှင် စာရေးဆရာကြီး မောင်သာချိုက ပြည်သူ့နီတိဆိုင်ရာကျင့်ဝတ်များ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ ဝိသေသလက္ခဏာများနှင့် ပညာရေးများအကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောကြသည်။

စာပေဟောပြောပွဲသို့ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ စာရေးဆရာများ၊ ပခုက္ကူမြို့၊ ပျိုးခင်းသာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူ တက္ကသိုလ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆလိုင်းကိုကီး