စလင်းမြို့နယ် ပုထိုး​ဖြူရပ်ကွက် မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်

စလင်း ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   ​ယမန်နေ့နံနက် (၁၀)နာရီအချိန်က  လူငယ်အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  စလင်းမြို့ ပုထိုးဖြူရပ်ကွက်  မြင်တင်အခြေခံပညာဦးစီးဌာန  ကျောင်းအုပ်ဆရာကြီး ဦးဇော်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအေးလင်းက လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် လူငယ်အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးခေါင်းစဥ်ဖြင့်လည်းကောင်း လမ်းလျှောက်ခြင်းဖြင့်ရရှိလာမည့် ကျန်းမာရေးဗဟုသုတများကို ဆွေးနွေးဟောပြောကာ ကျောင်းသားလူငယ်များအနေဖြင့် ပညာသင်ယူချိန်တွင်  တစ်ဖက်တစ်လမ်းမှအားကစားပြုလုပ်ခြင်းဖြင့်  ကျန်းမာရေးကောင်းမွန်၍ နှလုံးရောဂါနှင့် တစ်ခြားရောဂါများပျောက်ကင်းကြောင်း  ဗဟုသုတများပြောကြားခဲ့ပြီး   ကျောင်းသားလူငယ်များအတွက်  အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက်  စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ခံဦးဆန်းလင်းမောင်ကိုယ်စား စားသုံးသူရေးရာဦးစီးဌာနမှ ဦးသီဟဝင်းမှ  စားသုံးသူရေးရာနှင့်ပတ်သက်သည်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက်  ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို  ဖြန့်ဝေခဲ့သည်။  အဆိုပါအခမ်းအနားသို့ ပုထိုးဖြူရပ်ကွက် မြင်တင်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ထူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၁၈)ဦးတို့က လူငယ်အသိပညာပေးဟောပြောပွဲကို တက်ရောက်ခဲ့ကြောင်း  သိရှိရသည်။

(မောင်လွင်)စလင်း