မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)ကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဥမ္မာမြင့်က ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားသော ပြင်းထန်ရောဂါ လက္ခဏာများနှင့် ကာကွယ်ဆေး၏အဓိကထူးခြားချက်များ၊ ကာကွယ်ဆေး တိုက်ကျွေးပြီးနောက် မိဘများအနေဖြင့် လိုက်နာ ရမည့် အချက်များနှင့် ကာကွယ်ဆေး တိုက်ကျွေးရမည့် အကြိမ်ရေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ အသက်(၂)လ၊ အသက်(၄)လနှင့် ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက် ကလေးများအား ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း ဆောင်ရွက်ရာတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးနှင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ငြိမ်းတို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြပြီး သိရှိလို သည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)