ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်ရေယာဉ်စီး ခရီးသည်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် ရေယာဉ်များအား အထူးကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ "ရွှေရန်ကုန်" စက်တပ်ရေယာဉ် ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသည်များ စက်တပ်ရေယာဉ် (သမ္ဗန်) အတက်/အဆင်း အန္တရာယ်ကင်းရှင်းရေး၊ စက်တပ်ရေယာဉ်များတွင် အသက်ကယ် အင်္ကျီ (Life Jacket) ပြည့်စုံစွာ ပါရှိရေးနှင့် ခရီးသည်များမှ အလေးထားဝတ်ဆင်ရေး၊ ခရီးသည် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ခြင်းမပြုရေး၊ စက်တပ်သမ္ဗန်များ ကြံ့ခိုင်မှု ကောင်း/မကောင်းနှင့် ရေယာဉ်မောင်းသူများ အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ တို့ကို ကြပ်မတ်စစ်ဆေး ပညာပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)