မင်းကင်း ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ စကားဝါခန်းမတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပညာရေးစုံညီဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမောင်လွင်က ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ခု၊ ပညာသင်နှစ်အတွင်းကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ အာဇာနည်နေ့အထိမ်းအမှတ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့စသည့် အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ (အင်္ဂလိပ်/သင်္ချာ)ထူးချွန်ဆု၊ ဂီတထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့်မှ ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့က ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)