ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (Penta-4)ကို ပုံမှန်ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂

ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (penta-4) ကာကွယ်ဆေးတို့ကို ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အတိုင်ပင်ခံအကြံပေးအရာရှိ ဒေါက်တာခင်ဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းထွန်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ရှီးရှီး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး အသက်(၂)လ ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)