သံဖြူဇရပ် ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား မြန်မာနိုင်ငံကလေးအလုပ်သမားများပပျောက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသောသူကို ဆိုလိုပါကြောင်း၊ အရွယ်မရောက်သေးသော ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုမပြုရန်နှင့် ပြုလုပ်ပါက ကလေးသူငယ်ဥပဒေဖြင့် ဆောင်ရွက်ရပါကြောင်းနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ကြသည်။
ထို့နောက် ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်တွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ကလေးအလုပ်သမားဟူသည်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ စသည့်အ ကြောင်းအရာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)