ကျိုက်ထိုမြို့ အ.လ.က (ကော့ဘိန်း) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

ကျိုက်ထို ဇန်နဝါရီ ၁၆      

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  စာပေချစ်သူများအသင်းတို့ပူးပေါင်း၍  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ကော့ဘိန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်သူများအသင်း (Book Club)  အဖွဲ့ဝင် ဦးလှထွန်းမှ အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး၊ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အ.လ.က (ကော့ဘိန်း)ကျောင်းမှ  Grade-9 ကျောင်းသူမကေသွယ်ဝင်း၊ မအိသွင်ဖြူ၊ မသန္တာလင်း၊ ကျောင်းသား မောင်ခန့်ဝေထွန်းတို့မှ  လူငယ်တွေ လက်ခံနေတဲ့ယဉ်ကျေးမှု”၊ အမူအကျင့်ကောင်းလူငယ်နှင့်အချိန်၏တန်ဖိုး” “လူငယ်နှင့်အသိစိတ် ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင် ဆွေးနွေးသူများနှင့် စာ‌ပေချစ်သူများ အသင်းအဖွဲ့ဝင်များတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အ.လ.က (ကော့ဘိန်း)မှ ကျောင်းအုပ်ဆရာမကြီးဒေါ် ခင်သန္တာက လူငယ်စကားဝိုင်းလာရောက် ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်