လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ပြည် ဇန်နဝါရီ ၁၇

လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း အသိပညာပေး အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်း ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်း အစီအစဉ်အား မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကိုသန့်တို့က ညှိနှိုင်းရေးမှူးများအဖြစ်ဆောင်ရွက်၍ ပြည်မြို့ အ.ထ.က ၂ မှ G (10) ကျောင်းသူ မမိုင်မေဝတီဝင်းတင်က လူငယ်နှင့်စာပေ၊  G (10) ကျောင်းသူ မနှင်းငြိမ်းစံက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်G (11) ကျောင်းသား မောင်ဇင်ကိုဦးက လူငယ်နှင့် ကျန်းမာရေးG (11) ကျောင်းသူ မခိုင်ဇာနည်ကျော်က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်စသည့်ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ် ဆွေးနွေးပေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် ပါဝင်ဆွေးနွေးသည့် ကျောင်းသူ၊ ကျောင်းသားများအား တာဝန်ရှိသူတို့က အမှတ်တရ လက်ဆောင်များပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)