ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လယ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူလွင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင်ပြင်ပ စာအုပ်စာစောင်များကို ဗဟုသုတရရှိစေရေးအတွက် ငှားရမ်းဖတ်ရှု့စေလိုကြောင်း၊ စာဖတ်ခြင်းကြောင့်ရရှိလာနိုင်သော အကျိုးကျေးဇူးများ၊ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လယ်ကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်သူက ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြ၊ မဂ္ဂဇင်း၊ စာအုပ်/စာစောင်များကို ဖတ်ရှုစေခြင်းအပြင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)