ပန်းတောင်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ အ.ထ.က (ခွဲ) ရွာသစ်ကျောင်းတွင် ယမန်နေ့က လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာကြီး ဦးဆန်းမင်းစိုးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်းတိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသော ဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က (ခွဲ)ရွာသစ်မှ မောင်ဇော်ဟိန်းနိုင် Grade-11 က “လူငယ်အညွှန့်အဖူးလေးများအတွက်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ညီညီအောင် Grade-11 က “လူငယ်နှင့်မီဒီယာအခွင့်အလမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအေးချမ်းမိုး Grade-10 က “လူငယ်တွေစဥ်းစားဖို့” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနှင်းဆုလှိုင် Grade-9 က “လူငယ်နှင့်ဆေးလိပ်အန္တရာယ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်လျှံပြည့်ချမ်းသာ Grade-9 က “လူငယ်နှင့်စိုးရိမ်စိတ်” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)