လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြည် ဇန်နဝါရီ ၁၈

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းက  “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ မောင်ထွဋ်ကောင်းက "တတ်ချင်စိတ်နဲ့ ဖတ်ချင်စိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာနွေဝင်းလူ(ပြည်)က "စာပေဆိုတာ ဘဝရဲ့တန်ဖိုး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ ကျော်ဇူး (ပြည်) က  "အတိဇာတတို့ရဲ့ ရေဆန်လမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်မှ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)