မုဒုံမြို့ အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မုဒုံ ဇန်နဝါရီ ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ် လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် မုဒုံမြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက အမှာစကားပြောကြား​ပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/ကျောင်းသူ အချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိနှင့် မြို့နယ်အား/ကာမှူးတို့က ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာ စာအုပ်စာစောင်နှင့် အသိပညာပေး နံရံကပ်ပိုစတာများပြသခဲ့​ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)