ကျောက်ဖြူ ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို စာစီ စာကုံးပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၅)ဦးတို့က ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးအောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီ ၃၀ အချိန်တွင် ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်းအထ္တုပတ္တိ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း