ပခုက္ကူ ဇန်နဝါရီ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေများ လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေး၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်စဉ်းစားတွေးခေါ်နိုင်မှု၊ လူငယ်နှင့်နည်းပညာများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က မိဘနှင့်သား/သမီးကြားထားရှိရမည့် ဂါရဝတရားများ၊ ဆရာနှင့် တပည့်ကြား ထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာအကြောင်းတို့ကို အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ ပလတ်စတစ်လျော့ချသုံးစွဲရေး၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်များဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)