နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက လူငယ်ရေးရာဟောပြောကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာရစေမည့် စာအုပ် စာပေ၊ လောက ဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးသည် အဓိက ရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်၏ ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဟူ၍ ညွန်းထားတာကြောင့် ပထမအရွယ်ဖြစ်သည့် သား၊ သမီးတို့အနေဖြင့် ပညာကိုကြိုးစားသင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားသော ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်းနှင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း