မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က(၄၀)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.မ.က(၄၀)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအပြင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု အသိပညာပေးလက်ကမ်း စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)