အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ တွေ့ဆုံပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ခရိုင်တာဝန်ခံ ဦးဘိုကြည်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က မြို့နယ်အတွင်း စာကြည့်တိုက်အခြေအနေများနှင့် တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ပြောကြားသည်။

ထို့နောက် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့် (မှုခင်း) က စာကြည့်တိုက်များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပြောကြားပြီးနောက် တက်ရောက်လာကြသည့် အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက် လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကိုဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ခရိုင်တာဝန်ခံ ဦးဘိုကြည်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို