တွံတေး ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အဒွန်းကျေးရွာအုပ်စု၊ ဘိုးကံပေးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြာင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဘိုးကံပေးကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာနွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစားအကြောင်းဟောပြောကာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား