ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁) နာရီအချိန်က Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ မြသန်းတင့် ရေးသားသည့် “သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက “တမာနုချိန် စစ်တမ်းအက်ဆေး” အကြောင်းအရာများကိုလည်းကောင်း၊ ကဗျာဆရာ မောင်မောင်သက်ထွန်း (လှော်ကား) က ''ထီးခေါက်နှင့် ခေါက်ထီး'' အက်ဆေးပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်၊ လူရွယ်များ၊ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ