နတ်ချောင်း အလယ်ကျေးရွာအုပ်စု၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဆင်းပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် ဒေသခံ ကျေးလက်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးမှ စီးပွားဖြစ် လုပ်ကိုင်လာနိုင်စေရေး၊ နေ့စဉ်ဝင်ငွေများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး ကျေးလက်ဒေသ များတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ပို့ချပေးလျက်ရှိသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးနှင့် စိုက်ပျိုးရေးသင်တန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က နတ်ချောင်းအလယ်အုပ်စုရှိ ကျေးရွာ(၈)ရွာမှ သင်တန်းသား(၂၀)ဦးဖြင့် အလယ်ရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စာတွေ့ လက်တွေ့ကို (၁၂)ရက်ကြာ သင်တန်းပို့ချပေးခဲ့ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က ၎င်းဓမ္မာရုံ၌ သင်တန်းဆင်းပွဲအား ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။

သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်လင်းက သင်တန်းသားများအား မိမိတို့အား သင်ကြားပို့ချပေးခဲ့သော စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာများကို မိမိတို့ကျေးရွာများသို့ ပြန်လည်ရောက်ရှိသည့်အခါ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် လုပ်ကိုင်စေလိုကြောင်း လိုအပ်သည့် အထောက်အပံ့များကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းတွင် ကြိုးစားသင်ယူ တတ်မြောက်မှု သင်တန်းသားသုံးဦးအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး