စလင်းမြို့ တည်ဘိုကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ(၂၄)ရက် နံနက်(၉)နာရီ၁၅အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တည်ဘိုကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ အခမ်းအနားပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ကျောင်းသား၊ ကျောင်းသူနိုင်ငံသားကောင်းသမီးကောင်းကလေးငယ်များဖြစ်ပေါ်လာစေရန်နှင့်​ နောင်တစ်ချိန်တွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းကို တည်ဘိုကန်ကျေးရွာ အလယ်တန်းကျောင်းအုပ် ဆရာမကြီးဒေါ်ဖြိုးဝေအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက ကျောင်းသားလူငယ်များအား စာပေဖြစ်ပေါ်လာပုံနှင့် လူတစ်ဦးနှင့်တစ်ဦး  ဆက်သွယ်သင်္ကေတမှ စတင်ဖြစ်ပေါ်လာပုံနှင့် စာအုပ်စာပေဖတ်ရှုခြင်းမှ  အသိပညာအတတ်ပညာများရရှိကြောင်းနှင့် စာပေကို လေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့၏  အသိဉာဏ်ဖြင့်အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ကျောင်းသားလူငယ်ပညာတတ်များ ဖြစ်ပေါ်လာစေရန်တို့ကို အကျယ်တဝင့်ရှင်းလင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ငလျင်ဘေး သဘာဝဘေးအန္တရာယ်များအကြောင်းအရာများကို ပြည့်စုံစွာရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်က စားသူရေးရာနှင့်ပတ်သက်သည့်များကို ကျောင်းသားလူငယ်များ နားလည်သဘောပေါက်စေရန် အကျယ်တဝင့်ရှင်းလင်းခဲ့သည်။ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာများကို ရှင်းလင်းခြင်းများအား တည်ဘိုကန်ကျေးရွာ အလယ်တန်းကျောင်းသားကလေးများက သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးပြသထားသည့် နံရန်ကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဝေအောင်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော်ခန့် တက်ရောက်ကြကြောင်း  သိရှိရသည်။

မောင်လွင်(စလင်း)