သာယာဝတီ ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.မ.က ဂွေးချောင်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင် (၂) ဦးသန့်ဇော်ဦးက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားရေးနှင့် ပြင်ပစာပေဖတ်သည့် အလေ့အကျင့်ရရှိရေး၊ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်သိရှိပြီး ရှောင်ကြဉ်နိုင်ရန်၊ လူကုန်ကူးမှုအန္တရာယ်မှ သတိပြုကာကွယ်ကြရန်၊ ကလေးအလုပ်သမား ပပျောက်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ နယ်လှည့်စာကြည့်တိုက် လာရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များပြသခြင်း၊ စက္ကူပြဇာတ်ပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း၊ အသိပညာတိုးပွားရေးအတွက် စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်သတိပြုကာကွယ်ရေး ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)