ကော့ကရိတ် ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း (၂၀၁၉−၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဦးညွန့်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ခရိုင်ဦးစီးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး၊ လမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ အင်ဂျင်နီယာများ ပါဝင်သော ခရိုင်အရည်အသွေးနှင့် လုပ်ငန်းစစ်ဆေးရေး ကော်မတီအဖွဲ့သည် လွမ်းပြည့်စုံ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ကိုးတိုင်လမ်းဆုံမှ ငါးတိုင်ကျေးရွာသို့ သွယ်တန်းမည့် (11 KVA) ဓာတ်အားလိုင်း (၄.၅)မိုင် တည်ဆောက်မည့်နေရာသို့ လည်းကောင်း၊ တိမ်အလှ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ကော့ဖောင်းကျေးရွာမှ လောင်းကိုင်ကျေးရွာသို့ သွယ်တန်းမည့် (11-KVA) ဓာတ်အားလိုင်း (၁.၅)မိုင် တည်ဆောက်မည့်နေရာသို့ လည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြား ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အံကောင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပြည့်ဝစံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် အခြေခံပညာအထက်တန်းကျောင်း(အံကောင်)(၁၃၀×၃၀)ပေ၊ RC နှစ်ထပ် ကျောင်းဆောင်သစ် တိုးချဲ့ဆောင် ဆောက်လုပ်နေသည့် နေရာသို့ လည်းကောင်း၊ ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် အံကောင်-တရိတခေါင်း- သပြု-သေးခို-ကျောက်တန်းလမ်း (၁၅/၃)မိုင်အနက် (၃/၀)မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် နေရာများသို့ လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်/ဆက်)