ရန်ကုန် ဇန်နဝါရီ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင် အ.ထ.က (၄) ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဗလငါးတန်နှင့်ပြည့်စုံသော၊ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်၊ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ပန်းအိဖြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အိအိမွန်ကဆောင်ရွက်ပြီး Grade 10 A မှ မောင်မင်းထက်အောင်က လူငယ်နှင့်အားကစား၊ Grade 10 B မှ မဖူးဖူးဇင်က လူငယ်နှင့်ကျန်းမာရေး၊ Grade 11A မှ မချောသစ္စာက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade 8A မှ မဝင့်သီရိခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade 9A မှ မောင်ခန့်ထူးစံက လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးကြခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)