ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ဘားအံခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေ့စဉ် နံနက် ၉ နာရီမှစ၍ ကျင်းပခဲ့ပြီး ဌာန၏ လုပ်ငန်း ရည်မှန်းချက်တာဝန်များအား အောင်မြင်စွာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သော ခရိုင်/ မြို့နယ်/ မြို့ရုံး များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး ပထမနေ့တွင် ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမာနှင့် ကော့ကရိတ်ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်တို့က (၂၉)နှစ်မြောက်ဌာန နှစ်ပတ်လည်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းကာ ဦးစီးအရာရှိများ၊ မြို့နယ်/မြို့ရုံးမှားမှ ဦးစီးမှူးများက ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် သုံးသပ်၍ လုပ်ငန်း အားနည်းချက်/အားသာချက်များအား တင်ပြ ဆွေးနွေးသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမာက (၂၉)နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြား၍ ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းက ဆုံးဖြတ်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည်။

ယင်းနောက် အစည်းအဝေးဒုတိယနေ့တွင် ၂၀၁၉ ခုနှစ်အတွင်း ဌာနလုပ်ငန်းရည်မှန်းချက်တာဝန်များ အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်နိုင်သော ခရိုင်နှင့်မြို့နယ်/မြို့ရုံးများနှင့် MoI Webportal Myanmar Facebook page ၌ သတင်းအများဆုံးဖော်ပြပါရှိသည့် ဘားအံ ခရိုင်ရုံးအား ပြည်နယ်ဦးစီးမှူးဒေါ်ခင်စောလင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်/မြို့နယ်/မြို့ရုံးများက ရှေ့ဆက်လက်ဆောင်ရွက်မည့် ၂၀၂၀ ခုနှစ် လုပ်ငန်းလျာထား ချက်အပေါ် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)