နတ်မောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ ငယ်ရွယ်စဉ်ကပင် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်ကို အသုံးချတတ်စေခြင်း၊ အနာဂတ်ရင်သွေးငယ်များ၏ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/သူ (၂၇)ဦးတို့မှ “ညီညွတ်မှုဖြင့်ရှေ့သို့ချီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၄-ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း