လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး  စာဖတ်ဝိုင်းကျင်းပ

ဘားအံ  ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်စကား ပြောကြားခဲ့သည့်။

ဆက်လက်၍ ဘားအံပညာရေး ဒီဂရီကောလိပ်မှ (Book Club)အဖွဲ့ဝင် စောထက်ရန်နောင်လင်းက မြေဖြူနှင့်ပါဝင်ပွိုင့်၊ စာသင်ရာမှာရယ်မောစရာခေါင်းစဉ်များဖြင့် လည်းကောင်း၊ (BookClub) အဖွဲ့ဝင် နန်းကြည်ကြည်သန်းက ကံရာဇာငယ်၏အလှူမဏ္ဍပ်၊ ဆရာရေးပေးသော “၁၀”ပြား ခေါင်းစဉ်များဖြင့်လည်းကောင်း၊(Book Club)အဖွဲ့ဝင် မဖြိုးအိခိုင်က လူငယ်တွေအတွက်လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ၊ အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဆရာ ဦးသန်းအောင်က ပညာရေးတက္ကသိုလ်ဩတစ်ထောင့် တစ်နေရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေချစ်မြတ်နိုးသူများ ဆုံဆည်းရာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်တစ်လလျှင် (၂)ကြိမ်  ကျင်းပပြုလုပ်လျက်ရှိပြီး ဘားအံမြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူလူငယ်များ၊ Book Club အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)