ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် (၂၃၂၂) ကြိမ်မြောက် ၁၃၈၁ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်းစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ စေတီတော်အရှေ့ဘက်ရှိ ကြာကန်ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် က အဖွင့်အမှာစကား ပြောကြားပြီး စေတီတော်မြတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ကျော်မိုးကြည် (ငြိမ်း) က အောက်မြန်မာနိုင်ငံ၏ အစည်ကားဆုံး ပွဲတော်ဖြစ်ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျော်ကြည်ညို လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီ အသီးသီးတို့က အကြံပြုဆွေးနွေးခဲ့ကြသည်။
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ (တပို့တွဲလ) ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ (၉)ရက်တိုင်တိုင် နာရီပေါင်း (၉၀)ကြာ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲ၊ ထမနဲထိုးပွဲ၊ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ ထိုင်း-မြန်မာ စိန်ခေါ်ပွဲ၊ ဖိုးချစ်ဇာတ်သဘင်၊ ဟန်ဇာမိုးဝင်းဇာတ်သဘင်၊ ကြည်လဲ့လဲ့ဦး၊ မိုးကြိုးငှက်ငယ်၊ ရုပ်သေးအကသဘင်နှင့် ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များဖြင့် အောက်မြန်မာပြည်၏ အစည်ကားဆုံး ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)