မင်းဘူး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး ယနေ့ခေတ် လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် အကြံဉာဏ်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်ကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ယနေ့ခေတ်လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ဦးမြလွင်၊ အဖွဲ့ဝင်များဖြစ်ကြသော စာရေးဆရာ ဦးဝင်းချို၊ ဦးကျော်ကျော်မိုးနှင့် အတွင်းရေးမှူး ဆရာမ ဒေါ်မိုးစွေတို့က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ပါ အကြောင်းအရာနှင့် အဓိပ္ပါယ်များကို အခန်းလိုက် ဖတ်ကြားရှင်းလင်းပြီး ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူ ပြင်ပအသင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ယနေ့ခေတ် လူငယ်များ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ မိမိတို့ဖတ်ရှုလေ့လာထားသော အကြောင်းအရာများကို လူအများသိရှိ နားလည်သဘောပေါက်အောင် ရှင်းလင်းပြီး ဦးဆောင်ဝိုင်းဖွဲ့ဆွေးနွေးသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်နှင့် အတွေးအခေါ်၊ အကြံဉာဏ်၊ အယူအဆကောင်းများ ရရှိနိုင်စေရန် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာပေနှင့် နံရံကပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်/ဆက်ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)