တောင်ငူ ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကောင်းမှုတော်အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ကောင်းမှုတော်အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ရုပ်ပြပုံပြင်စာအုပ်များ ငှားရမ်းပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် “ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝမှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးသူအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရန်နှင့် မူးယစ်ဆေးဝါးအမျိုးမျိုး” စသည့်ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)