ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပန်းတောင်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ကျော်မိုး၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့် မြို့မစခန်းမှူးဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ပန်းတောင်းမြို့၊ ရွှေညီနောင်ကျေးရွာအုပ်စုရှိ ကုလားပဲ၊ မတ်ပဲနှင့် နေကြာသီးညှပ် ဧက(၈၁၀)စိုက်ခင်းအား လိုက်လံကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စုရှိ ဗီယက်နမ်မြေပဲခင်းအားလည်းကောင်း၊ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာအဝင်လမ်း မြေစားတာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)