မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များနှင့် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများက ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)