တောင်တွင်းကြီး ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ခြင်း၏ တန်ဖိုးနှင့် အရေးပါပုံ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ခြင်း၏ အနှစ်သာရများ၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက ပြည်သူစာကြည့်တိုက်တွင် ခင်းကျင်းပြထားသည့် စာအုပ်စာစောင်များ၊ အထင်ကရမှတ်တမ်းဓာတ်ပုံများ၊ ပြတိုက်ငယ်(Mini Museum)နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)