အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

အမ်း  ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို  ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်မျိုးတင် ဒုတိယဦးစီးမှူးက မီးဘေး အန္တရာယ်အသိပညာပေးအကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိနိုင်ရန် အသိပညာပေးအစီအစဥ်များ ရိုက်ကူး၍ Online မှတဆင့် ထုတ်လွင့်ပေးလျက်ရှိကြောင်းနှင့် မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ပါဝင်ဆွေးနွေးပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန်ခွဲရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မေထားဇော်က ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်  နွေရာသီကာလမှာ သတိပြုရမှာက မီးဘေးအန္တရာယ်ပင်ဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်ကြောင့် နေအိမ်ဥစ္စာတွေ ပျက်စီးဆုံးရှုံးကြရသည့်အပြင် လူ့အသက်များပင် ဆုံးရှုံးရသည့်အဖြစ်များ ရှိသဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ မီးဘေးဟု ဆိုရာတွင် ပေါ့ဆမီး၊ လျှပ်စစ်မှလောင်သောမီး၊ ရှို့မီး၊ တောမီးတို့ဖြစ်ပါကြောင်း၊ မိမိတို့အနေနဲ့ မီးငြှိမ်းသတ်ရန်ပစ္စည်းများအား (မီးသတ်ဦးစီးဌာန၏ စံနှုန်းနှင့်ကိုက်ညီသော မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်၊ မီးသတ်ဆေးဘူး)များ အသင့်ထားရှိဖို့လိုပါကြောင်း ပြောကြားသည်။

“မိမိတို့အိမ်နားပတ်ဝန်းကျင်မှာလည်း မီးလောင်လွယ်သောပစ္စည်းတွေ၊ လောင်စာဆီတွေ၊ အမှိုက်တွေကို ရှင်းလင်းထားဖို့လိုအပ်ပါတယ်။ မီးဘေးနဲ့ပတ်သက်ပြီး အဖြစ်များတာက ပေါ့ဆမီးပါပဲ။ အိမ်တွေမှာအသုံးပြုနေတဲ့ ထင်း၊ မီးသွေး၊ လျှပ်စစ်မီး၊ Gas မီးဖိုတွေကို ဂရုတစိုက် သုံးစွဲဖို့ လိုအပ်ပါတယ်။ မီးအသုံးပြုပြီးရင်လည်း မီးကြွင်းမီးကျန်တွေကို သတိပြုဖို့ အရေးကြီးတနယ်။ ဝါယာကြိုးတွေ လျှပ်စစ်ပစ္စည်းတွေ ပေါက်ပြဲနေတာ၊ ပျက်စီးနေတနာ ရှိ/မရှိ စစ်ဆေးရမယ်။ ပြီးရင် လျှပ်စစ်မီးကြိုးတွေကို ဝန်အားမနိုင်ဘဲ အသုံးပြုတာတွေ ဥပမာပြောရရင် လျှပ်စစ်ပလက်တစ်ပေါက်ထဲမှာ ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ ဒယ်နီ တစ်ပြိုင်ထဲအသုံးပြုတာတို့ ရှောင်ရှားပေးရပါမယ်။ မီးပြတ်ရင် မီးခလုတ်တွေပိတ်တာ၊ အပြင်ထွက်ရင် ပင်မမီးခလုတ်ကို ပိတ်တာတို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်တွေကို အောက်ခံခွက် (အပူခံခွက်) မပါဘဲ အသုံးပြုတာတွေ ဖယောင်းတိုင်၊ မီးခွက်တို့ကို အိပ်ယာ၊ ခြင်ထောင် (နံရံ) စသည့်မီးလောင်လွယ်သည့် နေရာများနှင့် နီးကပ်စွာထွန်းတာတို့ ရှောင်ရှားသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ဆွေးနွေးပြောကြားသည်။

၎င်းအပြင် မီးလောင်နေစဉ် လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် မီးလောင်မှုူကြောင့် ထိခိုက်မှုတွေထဲမှာ မီးခိုးငွေ့ရှုရှိုက်မိတဲ့ပြသနာဖြစ်ပါကြောင်း၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများ၊ မီးသတ်ဦးစီးဌာနကို ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်းဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်ထားရမည့် အကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်