ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဖရူဆို  အောက်တိုဘာ  ၃၁

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံ ဦးစိုးရယ်၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်နိုင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အိုများ ကြိုတင် ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် မဲရုံများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး အများပြည်သူ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄) အုပ်စုရှိပြီး  မဲရုံပေါင်း (၃၇)ရုံ ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၉၅၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တောရယ်(ပြန်/ဆက်)