ပုဇွန်တောင်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများအား မြို့နယ်ကော်မရှင်ဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင်      အောက်တိုဘာ        ၃၁

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြလှိုင် မှ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။  

ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင်  မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိရာသို့ ကြိုတင်ဆန္ဒမဲ လာရောက် ပေးနေမှုအခြေအနေ၊ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာ ရောက် ကောက်ယူနေမှု အခြေအနေများနှင့် ပတ်သက်၍ အဆင်ပြေမှု ရှိစေရေး၊  မှန်ကန်မှုရှိစေရေးနှင့်  ကြိုတင်ဆန္ဒမဲပုံးလုံခြုံမှုရှိစေရေး အတွက်ဂရုစိုက်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်(၆၀)နှစ်နှင့် အထက်ရှိသော သက်ကြီးဘိုးဘွားများအား ကြိုတင်ဆန္ဒမဲပေးခြင်း၊ အိမ်တိုင်ရာရောက် ကောက်ယူ ခြင်းများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ  စတင်၍  နိုဝင်ဘာလ ၅ ရက်နေ့အထိ  သက်ဆိုင်ရာ ရပ်ကွက်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိရာ ပုဇွန်တောင်မြို့နယ်တွင် အသက်(၆၀) နှစ်အထက် သက်ကြီး မဲဆန္ဒရှင်ပေါင်း (၆၉၀၅)ဦးရှိကြောင်းသိရသည်။

နေခြည်(ပြန်/ဆက်)