ဂန့်ဂေါတွင် ကုလားပဲကို ပိုမိုစိုက်ပျိုးလာ

ဂန့်ဂေါ  ဇန်နဝါရီ  ၈

ဂန့်ဂေါမြို့နယ်အတွင်း ကုလားပဲကို ယခင်နှစ်များက ဧက ၅၀၀ မှ ၇၀၀ ခန့်အတွင်းသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ဆောင်းရာသီတွင် ၂၆၄၅ ဧက စိုက်ပျိုးထားရာ ဧက ၂၀၀၀ ခန့် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

"အရင်က မိုးစပါးအပြီး လယ်မှာ တခြားသီးနှံတွေ စိုက်ခဲ့ပါတယ်၊ အခု ကုလားပဲကို စမ်းသပ်စိုက်ကြည့်တော့ ကုလားပဲဖြစ်တာ တွေ့ရပါတယ်၊ ကျွန်တော့်စိုက်ကွင်းကတော့ သီးကြိုစိုက်တာပါ" ဟု လာပို့ကျေးရွာမှ ကုလားပဲစိုက် တောင်သူတစ်ဦးက ပြောသည်။

ကုလားပဲကို မိုးစပါးအပြီး လယ်သီးထပ်အဖြစ်လည်းကောင်း၊ စပါးမရိတ်မီ သီးကြိုအဖြစ် ရေလိုက်ကြဲသည့် လက်ဆင့်ကမ်းသီးနှံပုံစံဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း၊ ရေလိုက်ကြဲသည့်စနစ်မှာ မြေပြုပြင်စရိတ် ကုန်ကျမှုမရှိခြင်း၊ အစိုဓာတ်မမှီမည်ကို စိုးရိမ်ရန်မလိုခြင်းတို့ကြောင့် ပိုမိုကြိုက်နှစ်သက်ခြင်းဖြစ်ကြောင်း အဆိုပါတောင်သူမှ ဆက်လက်ပြောသည်။

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှလည်း ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသည့် သီးနှံများ၊ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံ ပညာပေး ဆွေးနွေးလျက်ရှိကြောင်း ဒုတိယဦးစီးမှူး ဦးမြင့်ဇော် ပြောပြချက်အရ သိရသည်။ 

တောင်သားမောင်သန်း