ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်း‌ကျောင်း (ခွဲ) တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ကြွယ်ကြွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား‌၊ ကျောင်းသူ (၄) ဦးတို့က တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲစုအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြွယ်ကြွယ်တို့မှ ဆွေးနွေးကြရာ Grade (9) မှ ကျောင်းသား မောင်မိုးယံက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade (8) မှ ကျောင်းသူ မဇွန်ပွင့်ဖြူက လူငယ်နှင့်မူးယစ်ဆေးဝါ၊ Grade (7) မှ ကျောင်းသူ မရွှေရည်လင်းလက်က လူငယ်နှင့်အနာဂတ်၊ Grade (6) မှ ကျောင်းသူ မမေလွင်ဟန်က လူငယ်နှင့်ယဉ်ကျေးမှု အစရှိသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)