ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးဆောင်မှုဖြင့် “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း‌၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ကနဦးအနေဖြင့် ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင်ဦးဘုန်းမြင့်ကိုက လူငယ်နဲ့ အပြောင်းအလဲစာအုပ်တွင်ပါဝင်သည့် လူငယ်နဲ့ သိစိတ်ခေါင်းစဉ်မှ အတွေးမှန်၊ အကြံအစည်မှန်ရန်လိုအပ်ကြောင်း၊ အတွေးအခေါ် အကြံအစည် မှန်မှသာလျှင် အမြင်မှန်၊ အသိမှန်မည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ရာ ကြက်သွန်ခင်း (၂) အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးကြသည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အဆိုပါ စာဖတ်ဝိုင်းကို ၂၀၁၈ ခုနှစ်မှစတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)