ရွှေတောင်မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာကြီး ဦးမြင့်ဦးက အမှတ်ပေးစည်းမျဥ်းများကိုရှင်းပြခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား / ကျောင်းသူ (၂၄) ဦးက သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဂျန်ပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံသွားရောက်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်မှုမှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကိုကြည့်ရှုခဲ့ကြပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)