သဲကုန်းမြို့နယ်ခန်းမ ယာယီဆေးရုံဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့ လူနာ(၂၂)ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြု

သဲကုန်း  နိုဝင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၂၂)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၂၂)ဦးတို့သည် အောက်တိုဘာ ၂၅ ရက်နေ့မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီဆေးကုသ အဆောင် တို့တွင် သီးသန့်ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ (၁၀)ရက် ပြည့်မြောက်သည့်အချိန်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါ(၂၂)ဦးအား လက်ထောက်ဆရာဝန် ဒေါက်တာဘုန်းမြင့်မှ ရောဂါပျောက်ကင်းကြောင်း လက်မှတ်များပေးအပ်ခဲ့ပြီး တာ၀န်ရှိသူ  တစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များ အား ဖတ်ပြရှင်းလင်းခဲ့ကာ သဲကုန်းမြို့ ပရဟိတနာရေးကူညီမှုအသင်းကားဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင် ပေးခဲ့​သည်။

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄၂)ဦး ရှိခဲ့ရာ ပိုးတွေ့လူနာ(၃၅)ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် ယခုအခါ သဲကုန်းမြို့နယ်တွင် ပိုးတွေ့လူနာ(၇)ဦး သာကျန်ရှိနေပြီး အဆိုပါ(၇)ဦး မှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)