ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲက တရုတ်နိုင်ငံမှ ဝယ်ယူထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံမှ ဝယ်ယူသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ခွဲဝေထောက်ပံ့ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပရန် လျာထားရှိသော မဲရုံပေါင်း(၁၆၃)ရုံရှိ မဲရုံမှူး ၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်(၃)ဦး တို့ အသုံးပြုရန်အတွက် Face Mask ၊ PPE Level – 3L Size ၊ Surgical Glove ၊ Surgical Gown ၊ Face Shield ကိုင်း ၊ Face Shield ဖလင်ပြား စသည့် ကာကွယ်ရေးသုံးပစ္စည်းများနှင့် မဲဆန္ဒရှင်ပြည်သူများ အသုံးပြုရန်အတွက် KM-95 (Mask) များ ၊ စုစုပေါင်း ကာကွယ်ရေးသုံးပစ္စည်း(၇)မျိုး တို့ကို အသီးသီး ခွဲဝေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )