မြိုင်မြို့၌ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မြိုင်    ဖေဖော်ဝါရီ     ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၇၇ နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင်ဖြန့်ဝေခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်အထိမ်းအမှတ်နေ့များ အတွက် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ထုတ်လျှက်ရှိရာ (၁၂-၂-၂၀၂၄) ရက်နေ့တွင်ရောက်ရှိမည့် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကိုလည်း အခမဲ့ထုတ်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ကျောင်းသား ကျောင်းသား/သူများနှင့် အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၉၄၆  ရက်နေ့တွင်ကျင်းပသော ဖဆပလပြည်လုံးကျွတ်ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ဝေဝေဆာဆာ ဖော်ပြပါရှိသည့် သတင်းစကား လက်ကမ်းစာစောင်များပါရှိပြီး မြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  မြိုင်မြို့အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

မယ်ခွေ