ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ဘီးလင်း ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယ​မန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ဘဝပန်းတိုင် စိုက်သူများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဦးတင်ထွန်းဦးက “မြှုပ်နှံထားသောရတနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် ဦးပြည့်ဖြိုးမောင်က “ပူပင်သောကမရှိပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Woman Club) အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝေက “ငွေလာပင်မှ ရရှိသော သင်ခန်းစာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)