ညောင်လေးပင်မြို့နယ်တွင် မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအားဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထုတ်ပေး

ညောင်လေးပင် နိုဝင်ဘာ ၂

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ‌ညောင်လေးပင်မြို့ အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကစ၍  ထုတ်ပေးလျက်ရှိကြောင်းသိရသည်‌။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား မဲရုံဝန်ထမ်း အပြင်စည်း (၅)ဦး၊ အတွင်းစည်း (၅)ဦး နှင့် မဲဆန္ဒရှင်များအား တစ်ဦးလျှင် (၁)ခုနှုန်းဖြင့် EN-95 Mask များ၊ မဲရုံအဖွဲ့ဝင်များ တစ်ဦးလျှင် (၁)စုံ နှင့် အပြင်စည်းတာဝန်ထမ်းဆောင်သူ တစ်ဦးလျှင် (၂)စုံ နှုန်းဖြင့် Exam Glove များ၊ အပြင်စည်းတာဝန်ချထားသူ (၅)ဦးအတွက် တစ်ဦးလျှင် (၁)ခုနှုန်းဖြင့် Face Shield , PPE Level-2 , PPE Full Set များ စုစုပေါင်း ၁၂ မျိုး  ထုတ်ပေးမည် ဖြစ်ပြီး လက်ရှိတွင် ရောက်ရှိသည့် ပစ္စည်း (၇) မျိုးသာထုတ်ပေးထားရှိကာ ကျန်ရှိပစ္စည်းများအား ရောက်ရှိပါက အချိန်မီ ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ အလိုက် ထုတ်ပေးခြင်းဖြစ်ပြီး ညောင်လေးပင်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၆၁) အုပ်စု၌ မဲရုံ (၁၅၀) ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။                     

မိုးစန္ဒာဝင်း (ပြန်/ဆက်)